News Coming

မြန်မာတပ်မတော်အတွက် တိုက်ပွဲတင့်ကားတွေအများအပြားလိုအပ်လား ( မြန်မာနိုင်ငံဟာ စစ်ပွဲတစ်ပွဲ ကြုံတွေ့ရမယ်ဆိုရင် ဝေးလံတဲ့ပြည်ပနိုင်ငံတွေနဲ့ ဖြစ်စရာမရှိဘဲ အိမ်နီးချင်းနိုင်ငံတစ်ခုခုနဲ့ပဲ ဖြစ်နိုင်ချေရှိပါတယ်။

မြန်မာ့တပ်မတော်အတွက် တိုက်ပွဲတင့်ကားတွေအများအပြားလိုအပ်လား ( မြန်မာနိုင်ငံဟာ စစ်ပွဲတစ်ပွဲ ကြုံတွေ့ရမယ်ဆိုရင် ဝေးလံတဲ့ပြည်ပနိုင်ငံတွေနဲ့ ဖြစ်စရာမရှိဘဲ အိမ်နီးချင်းနိုင်ငံတစ်ခုခုနဲ့ပဲ ဖြစ်နိုင်ချေရှိပါတယ်။…)မန်မာနိုင်ငံရဲ့ မြေအနေအထားဟာ တင့်တွေအတွက် စစ်ကစားဖို့ အကောင်းဆုံး မြေအနေအထားမျိုးမဟုတ်ပါဘူး။

နိုင်ငံရဲ့ပါတ်ပါတ်လည်ကို တောင်တန်းတွေက ဝိုင်းရံထားပြီး အလယ်ပိုင်းဒေသမှာပဲ တင့်တွေစစ်ကစားလို့ကောင်းတဲ့ မြေပြန့်လွင်ပြင်တွေရှိပါတယ်။

နယ်စပ်ဒေသတလျှောက်မှာတော့ တောင်ပေါ်ဒေသတွေဖြစ်လို့ တင့်တွေအနေနဲ့ ခြေလျင်တပ်ကို အထောက်အကူပြုတဲ့ အစိတ်အပိုင်းကနေသာ very limited role အနေနဲ့ပဲသုံးနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်ပွဲတစ်ပွဲ ကြုံတွေ့ရမယ်ဆိုရင် ဝေးလံတဲ့ပြည်ပနိုင်ငံတွေနဲ့ ဖြစ်စရာမရှိဘဲ အိမ်နီးချင်းနိုင်ငံတစ်ခုခုနဲ့ပဲ ဖြစ်နိုင်ချေရှိပါတယ်။

အိမ်နီးချင်းတွေနဲ့ဖြစ်တဲ့စစ်ဟာ တစ်နိုင်ငံကို တစ်နိုင်ငံကသိမ်းဖို့ ကြိုးပမ်းတဲ့စစ်ပွဲမျိုး မဖြစ်နိုင်ပဲ နယ်စပ်အငြင်းပွားမှုတွေ၊ လက်တုန့်ပြန်တိုက်တာမျိုးတွေပဲ ဖြစ်နိုင်ပါတယ်။

တင့်တွေစစ်ကစားဖို့ ကောင်းမွန်တဲ့မြေအနေအထားဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိ ရန်သူတင့်တွေ ဝင်ရောက်လာနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါပဲ။

မြန်မာနိုင်ငံအလယ်ပိုင်း ဥပမာမိထ္တီလာလိုနေရာမျိုးမှာ တင့်တိုက်ပွဲတွေ ထပ်ဖြစ်ဖို့ အခွင့်အရေးကတော့ ယနေ့ခေတ်အချိန်မှာ တော်တော်အခွင့်အလမ်းနည်းပါတယ်။

ဒီလို အခြေအနေတွေကြောင့် တင့်တွေဟာ တောင်ပေါ်ဒေသတွေမှာ အကန့်အသတ်နဲ့ပဲ စစ်ဆင်ရမဲ့ သဘောရှိနေပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတိုက်ပွဲမှာ တင့်တွေပါဝင်ခဲ့တယ်ဆိုပေမဲ့ တင့်တပ်မဟာအဆင့်ခန့်သာ ပါဝင်ခဲ့တာဖြစ်ကာ တိုက်ပွဲဝင်တဲ့နေရာမှာလည်း တင့်အချင်းချင်းတိုက်ပွဲ (Armour Warfare) ထက် ခြေလျင်ကို အကူပေးတဲ့တိုက်ပွဲမျိုး (Infantry Support) က ပိုများခဲ့ပါတယ်။

အင်ဖာလ်တိုက်ပွဲမှာ တင့်တွေသုံးခဲ့တာ၊ မေယုတောင်တန်းတိုက်ပွဲတွေမှာ တင့်တွေသုံးခဲ့တာဟာလည်း အပေါ့စားတင့်တွေကို အရေအတွက်အနည်းငယ်ကိုသာ ခြေလျင်အကူအနေနဲ့ သုံးခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ နောက်တချက်က မိတ္ထီလာတိုက်ပွဲမှာ ပါခဲ့တဲ့တင့်တွေကိုကြည့်ရင် ဗြိတိသျှတွေသုံးခဲ့တဲ့ M4 Sherman တင့်ဟာ အလေးချိန် ၂၉ တန် (၆၆၈၀၀ ပေါင်) ၊ M3 Stuart တင့်ဟာ အလေးချိန် ၁၅ တန် (၃၃၅၀၀ ပေါင်) ၊ M3 Lee/Grant ဟာ ၂၇ တန် ပဲလေးတာတွေ့ရပါတယ်။

ဂျပန်တွေရဲ့ Type 95 Ha-Go တင့်ဟာ ၈ တန်ပဲလေးတာတွေ့ရပါတယ်။

ဒီတင့်တွေအကုန်လုံးဟာ ဒီနေ့စံချိန်နဲ့ကြည့်ရင် အပေါ့စားတင့်အဆင့်မှာသာ ရှိကြတာတွေ့ရမှာ ဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေကြတဲ့ MBT 2000 ဟာ ၅၁ တန် ၊ T 90 ဟာ ၅၁ တန် ၊ M 60 ဟာ တန် ၅၀ ၊ M1A1 ဟာ ၅၇ တန် ၊ T 72 ဟာ ၄၉ တန် ၊ အလတ်စားတင့် ဖြစ်တဲ့ Type 59 တောင်မှ တန် ၄၀ ရှိပါတယ်။

ဆိုလိုချင်တာက မိတ္ထီလာတိုက်ပွဲဟာ တင့်တိုက်ပွဲမှန်ပေမဲ့ ဥရောပမှာဖြစ်ခဲ့တဲ့ တင့်တိုက်ပွဲမျိုး၊ အာရပ်-အစ္စရေးစစ်ပွဲတွေအတွင်းက တင့်တိုက်ပွဲမျိုးတွေ မဟုတ်ခဲ့ဘဲ အပေါ့စားတင့်တွေရဲ့ တိုက်ပွဲ၊ ခြေလျင်အထောက်အကူပြု တင့်တိုက်ပွဲမျိုးတွေ ဖြစ်တယ်ဆိုတာပါပဲ။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာကို လေ့လာကြည့်ရင် ထူးခြားချက် တွေ့ရပါတယ်။

ဆာ ဝီလီယံ ဆလင်းရဲ့ ဗြိတိသျှအမှတ် (၁၄) တပ်တော်တစ်ခုလုံးမှာမှ အမှတ် (၂၅၄)နဲ့ (၂၅၅) တင့်တပ်မဟာ နှစ်ခုပဲ ပါဝင်ခဲ့ပြီး သေချာလေ့လာကြည့်ရင် အမှတ် (၂၅၄) တင့်တပ်မဟာ မှာ M3 Stuart တင့် တစ်ရင်း၊ M3 Lee/Grant တင့်သုံးရင်းနဲ့ အမှတ် (၂၅၅) တင့်တပ်မဟာ မှာ M4 Sherman တင့် နှစ်ရင်း၊ M3 Stuart တင့်တစ်ရင်း စုစုပေါင်း လေး ရင်း (၇ ရင်း) သာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ဂျပန်ဘက်ကဆိုရင်လဲ Burma Area Army (တပ်တော်အဆင့်) တစ်ခုလုံးမှာမှ တင့်တပ်ရင်း တစ်ရင်းသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တင့်တွေပါဝင်မှုနည်းပါးရတဲ့အကြောင်းအရင်းက မြန်မာနိုင်ငံရဲ့ မြေအနေအထားဟာ တင့်တွေစစ်ကစားဖို့ မသင့်လျော်တာနဲ့လဲ ဆိုင်တယ်လို့ ယူဆရပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်မှာ တင့်တွေ ရာထောင်ချီတပ်ဆင်ထားပေမဲ့ ကက်ရှ်မီးယားလို၊ လေးနဲ့လာဒက်လို တောင်ပေါ်ဒေသတွေမှာ တင့်တွေ အလုံးအရင်းမထားပါဘူး။

နှစ်နိုင်ငံနယ်စပ်က တင့်တွေစစ်ကစားလို့ ကောင်းတဲ့ ပန်ဂျပ်ပြည်နယ် သဲကန္တာရတလျှောက်မှာ စုစည်းထားတာ တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ တစ်ချက်က ကုန်ကျစရိတ်ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်သုံး MBT 2000 တင့်ဟာ တစ်စီးကို ဒေါ်လာ ၅ သန်းခန့်ရှိပါတယ်။

တင့်တပ်ရင်းတစ်ရင်းမှာ တင့် ၄၄ စီး (နိုင်ငံတကာစံနှုန်း) ရှိတဲ့အတွက် ကုန်ကျစရိတ်ကို ခန့်မှန်းနိုင်ပါတယ်။

တင့်တပ်ရင်းမှာ အခြားသော အထောက်အကူပြုယာဉ်တွေပါ တပ်ဆင်ရမှာ ဖြစ်လို့ တပ်ရင်းတစ်ရင်းစာ စစ်လက်နက်ပစ္စည်း အပြည့်အစုံဝယ်ယူရင် များစွာပိုကုန်မှာ ဖြစ်ပါတယ်။

တကယ်တော့ တပ်ရင်းတစ်ရင်းမှာ ၄၄ စီးလိုတယ်ဆိုပေမဲ့ လေ့ကျင်းရေးအတွက်သုံးဖို့ နဲ့ ပျက်စီးရင် အစားထိုးဖို့အရန်လိုတာတွေပါ ထည့်တွက်ရင် ၄၈ စီး ကနေ ၅၀ လောက်အထိ တွက်ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ MBT 2000 တင့် တပ်ရင်းတစ်ရင်းစာ ၄၄ စီးနဲ့ ဆက်စပ် ယာဉ် တွေ ဝယ်ယူခဲ့တာ ဒေါ်လာသန်း ၃၀၀ ခန့် ကျသင့်ခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ ပိုလန်ကနေ PT 91 တင့် တပ်ရင်းတစ်ရင်းစာနဲ့ အရန်အဖြစ် ၄၈ စီး၊ အထောက်အကူပြုယာဉ် ၁၅ စီး ဝယ်ယူခဲ့တာ ဒေါ်လာ သန်း ၃၇၀ ကုန်ကျခဲ့ပါတယ်။

ဒါတွေဟာ နှစ်စဉ် maintenance စရိတ် မပါသေးပါဘူး။

ဒါကြောင့် အတန်အသင့်ခေတ်မီတဲ့ တင့်တပ်ရင်းတစ်ရင်းအတွက်ကုန်ကျစရိတ်ဟာ ပျမ်းမျှ ဒေါ်လာ သန်း ၃၀၀ နဲ့ ၄၀၀ ကြားရှိနိုင်ပါတယ်။ နှစ်စဉ် maintenance စရိတ်ကလည်း ကြီးမားပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် တစ်နှစ်ကို ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၂ ဘီလီယံပဲ ရှိတဲ့ မြန်မာတပ်မတော်အတွက် တင့်တပ်ရင်းတွေ အများကြီးဖွဲ့စည်းထားဖို့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

ဒီအချက်တွေခြုံငုံကြည့်ရင်တော့ မြန်မာ့တပ်မတော်မှာ ပင်မတိုက်ပွဲဝင်တင့်တွေ အများအပြား ဖွဲ့စည်းထားဖို့ မလိုပဲ အထိုက်အသင့်သာ တပ်ဆင်သင့်ကြောင်း တွေ့ရပါတယ်။

တင့်တပ်ရင်းတွေအစား ဘာတွေဖွဲ့သင့်လဲ

ဒီအချက်တွေအရဆိုရင် မြန်မာ့တပ်မတော်မှာ တင့်တပ်ရင်း ၃ ရင်းခန့်သာ အင်အားပြည့် ဖွဲ့စည်းပြီး သံချပ်ကာများနဲ့တွဲဖက်ကာ Rapid Reaction သံချပ်ကာတပ်မဟာ အဖြစ်လည်းကောင်း၊ သီးခြားတင့်တပ်ရင်းများအဖြစ်လည်းကောင်း ဖွဲ့စည်းထားသင့်ပါတယ်။

ပင်မတိုက်ပွဲဝင်တင့်တွေမလိုဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အရေအတွက်အများကြီး မလိုဘူးလို့ပဲ ဆိုလိုချင်တာဖြစ်ပါတယ်။

ပင်မတိုက်ပွဲဝင်တင့်တွေအစား တပ်ဆင်သင့်တဲ့လက်နက်တွေက Assaulter လို tank destroyer တွေ၊ ATGM တွေဖြစ်ပါတယ်။

Assaulter တွေဟာ မြန်မာ့တပ်မတော်သံချပ်ကာတပ်ဖွဲ့ သမိုင်းမှာ အကောင်းဆုံး ဝယ်ယူမှု ဖြစ်ခဲ့တယ်လို့ တင်ပြခဲ့ပြီးဖြစ်လို့ အသုံးဝင်ပုံကို အသေးစိတ် ထပ်မရှင်းချင်တော့ပါဘူး။

ဒါပေမဲ့ Assaulter တွေဟာ ပင်မတိုက်ပွဲဝင်တင့်တွေကို ရင်ဆိုင်ချေမှုန်းနိုင်တဲ့ စွမ်းရည်မျိုးတော့ မရှိကြပါဘူး။

Assaulter ရဲ့ 105 mm ဟာ အလတ်စားတင့်တွေလောက်ကိုပဲ ဖျက်စီးနိုင်ပါတယ်။

နောက်ပြီး Assaulter ဟာ ဘီးတပ်ဖြစ်တဲ့အတွက် off road စွမ်းရည် ကန့်သတ်ချက်ရှိနေပြီး သံချပ်ကာပါးလွှာလို့ protection အားနည်းပါတယ်။

ဒါကြောင့် တင့်ကို ချေမှုန်းဖို့ စရိတ်ကျဉ်းကျဉ်းနဲ့ ထိရောက်တာက ATGM တွေပဲ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အတွက် လတ်တလော ဝယ်ယူရန်အသင့်တော်ဆုံး လက်နက်ဟာ ATGM တွေပဲ ဖြစ်တယ်လို့ Myanmar Armed Forces Review page အနေနဲ့ ယူဆပါတယ်။

ယာဉ်တင်၊ လူသယ်၊ ရဟတ်ယာဉ်တင် စသည်ဖြင့် အမျိုးမျိုး သုံးနိုင်တဲ့ ATGM တွေဟာ တင့်တွေကို အထူး ချိမ်းခြောက်နိုင်တဲ့ လက်နက်ပဲ ဖြစ်ပါတယ်။

တောင်တန်းထူတဲ့ နယ်စပ်တွေ၊ မြေပြန့်ရှိပေမဲ့ ချောင်းမြောင်းပေါပြီး အောက်ခံမြေပျော့တဲ့ ရခိုင်နယ်စပ်လို နေရာဒေသတွေမှာတော့ ATGM တွေဟာ ရန်သူ့တင့်စစ်ကြောင်းတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အကြီးစား သံချပ်ကာ တပ်မတွေ၊ တပ်မဟာတွေအစား တင့်၊ သံချပ်ကာ၊ တင့်ဖျက်ယာဉ်နဲ့ ATGM တွေ ဟန်ချက်ညီပေါင်းစပ်ထားတဲ့ တပ်တွေဟာ ရန်သူ့ သံချပ်ကာတပ်တွေကို ချေမှုန်းဖို့ အသင့်တော်ဆုံး ဖြစ်တယ်လို့ Myanmar Armed Forces Review page အနေနဲ့ ယူဆကြောင်း ဖော်ပြလိုက်ပါတယ်။

မူရင်းရေးသားသူ Myanmar Armed Forces Review page ကို လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

 

Comment here