News Coming

ဆီးနိတ်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် မက်ကောနဲလ်က ဂျိုးဘိုင်ဒန်အောင်မြင်မှုကိုအသိအမှတ်ပြု ဂုဏ်ပြုစကားပြောကြား *မင်းမြတ်စံ

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က ကြေညာခဲ့မှုကို ငါးပတ်ကျော်အကြာတွင် ဆီးနိတ်လွှတ်တော် ရီပတ်ဘလီကန်အများစုခေါင်းဆောင် မစ်ချ်မက်ကောနဲလ်က အသိအမှတ်ပြုလိုက်ပြီး ဂုဏ်ပြုချီးကျူးလိုက်ပြီဖြစ်သည်။
ဘိုင်ဒန်အနိုင်ရကြောင်း တွက်ချက်ဖော်ပြခဲ့ကြပြီး ၃၈ ရက်အကြာတွင် အသိအမှတ်ပြုလိုက်သည့် မက်ကောနဲလ်သည် ဘိုင်ဒင်ကို ဂုဏ်ပြုလိုက်သည့် ရီပတ်ဘလီကန်များထဲတွင် သြဇာအကြီးဆုံး အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဒီဇင်ဘာ ၁၄ ရက်တွင် Electoral College ပြည်နယ်ကိုယ်စားလှယ်များက ဘိုင်ဒန်အနိုင်ရမှုကို တရားဝင်အတည်ပြုလိုက်သည့်နောက် ရီပတ်ဘလီကန်များက အသိအမှတ်ပြုလာကြရာတွင် မက်ကောနဲလ် ပါဝင်လာခြင်းဖြစ်သည်။
မနေ့က ပြည်နယ် ၅၀ စလုံးက သမ္မတရွေးချယ်ရေးကိုယ်စားလှယ်တွေက နိုင်ငံရဲ့ သမ္မတနဲ့ ဒုသမ္မတတို့ကို တရားဝင် ရွေးချယ်ခဲ့ကြတယ် ဟု ဒီဇင်ဘာ ၁၅ ရက်တွင် မက်ကောနဲလ်က ဆီးနိတ်လွှတ်တော်တွင် ပြောဆိုခဲ့သည်။
သမ္မတရွေးကောက်ခံ ဂျိုးဘိုင်ဒန်နှင့် ဒုသမ္မတရွေးကောက်ခံ ကမာလာဟားရစ္စကို ဂုဏ်ပြုကြောင်း၊ ကွဲပြားခြားနားမှုများ အလွန်တွင် နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဒုသမ္မတအတွက် အမေရိကန်အားလုံး ဂုဏ်ယူဝမ်းမြောက်နိုင်ကြောင်းလည်း မက်ကောနဲလ်က ပြောဆိုခဲ့သည်။ ထရန့်နှင့် ပန့်စ်တို့၏ လေးနှစ်သက်တမ်းအတွင်း အောင်မြင်မှုများကို ၈ မိနစ်ကြာ ချီးကျူး ပြောဆိုပြီး ကျန်ရှိသည့် အစိုးရသက်တမ်း ၃၆ ရက်အတွင်း ဆက်လက်ပူးတွဲလုပ်ဆောင်သွားမည်ဟုလည်း ပြောကြားသွားခဲ့သည်။
ယင်းအတွက် ဘိုင်ဒန်ကလည်း မက်ကောနဲလ်ကို ကျေးဇူးတင်ကြောင်း ဖုန်းဆက်ပြောဆိုခဲ့ပြီး မကြာမီ လူချင်းတွေ့ဆုံရန်လည်း သဘောတူခဲ့သည်။
ဆီးနိတ်မှ ရီပတ်ဘလီကန် ဒုတိယခေါင်းဆောင်ဖြစ်သည် ဂျွန်သွန်းကလည်း အားလုံးရပ်မနေဘဲ ခြေလှမ်းဆက်ရွေ့ကြရမည့်အချိန်ရောက်ပြီဟု ပြောဆိုခဲ့သည်။ ဇန်နဝါရီ ၂၀ ရက် သမ္မတကျမ်းကျိန်ပွဲကို ကြီးကြပ်ရမည့် ကော်မတီဥက္ကဌတာဝန်ယူရမည့် မစ်ဆိုရီပြည်နယ် ဆီးနိတ်အမတ် ရွိုင်ဘလန့်ကလည်း ၎င်း၏ကော်မတီသည် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်အား ရွေးကောက်ခံသမ္မတအဖြစ် ဆက်သွယ်ဆောင်ရွက်တော့မည်ဟု ကြေညာလိုက်သည်။
ဘိုင်ဒန်အား ရွေးကောက်ခံသမ္မတအဖြစ် ထင်ပါသလားဟု ထရမ့်၏အခိုင်မာဆုံးမဟာမိတ်တစ်ဦးဖြစ်သူ ဆီးနိတ်အမတ် လင်းဆေးဂရေဟမ်အား သတင်းထောက်များက မေးမြန်းရာ ထင်ပါသည်ဟု ဖြေဆိုခဲ့သည်။ သမ္မတထရမ့်သည် တုန့်ပြန် စိန်ခေါ်မှုများမှ အနိုင်ရရန် အခွင့်အလမ်း အလွန့်အလွန်ကျဉ်းမြောင်းနေပြီဖြစ်ကြောင်း၊ သို့သော် ၎င်းက ဆက်လုပ်မည်ဟု ထင်ကြောင်းလည်း ဂရေဟမ်က ပြောဆိုခဲ့သည်။
လုပ်ထုံးလုပ်နည်းအရ လွတ်တော်တွင် ဇန်နဝါရီ ၆ ရက်တွင် ဒုသမ္မတ မိုက်ပန့်စ် ဦးဆောင်၍ ကိုယ်စားလှယ်မဲ အရေအတွက် ဖွင့်ဖောက်ကြေညာရန် ရှိသည်ကို ရီပတ်ဘလီကန်အမတ်အချို့က တားဆီးရန် ကြိုးပမ်းနေကြသည်။ အောက်လွှတ်တော်အမတ်တစ်ဦးနှင့် အထက်လွှတ်တော် အမတ်တစ်ဦးတို့က တင်ပြတောင်းဆိုလျှင် ကွန်ဂရက်စ်လွှတ်တော်သည် အခမ်းအနားကို ခေတ္တရပ်နား၍ ပြန်လည်ဆွေးနွေးကာ ကြေညာမှုကို ကန့်ကွက်ရန် မဲပေးဆုံးဖြတ်နိုင်သည်။
သို့သော် ဒီမိုကရက်ထိန်းချုပ်ထားသည့် အောက်လွှတ်တော်နှင့် ရီပတ်ဘလီကန်အမတ်များစွာတို့က ယင်းအစီအစဉ်ကို ဆန့်ကျင်ထားကြသည်။ ဘာမှ ဖြစ်မလာမယ့်အစီအစဉ် ဟု ရီပတ်ဘလီကန် ဆီးနိတ်အမတ် ဂျွန်သွန်းက ပြောသည်။ ဆိုးရွားသည့် အမှားတစ်ခုဖြစ်လိမ့်မည်ဟု တက္ကဆက်မှ ရီပတ်ဘလီကန်အမတ် ဂျွန်ကော်နင်က ပြောဆိုပြီး ရီပတ်ဘလီကန် ထိန်းချုပ်ဆီးနိတ်လွှတ်တော်က အစီအစဉ်ကို အမြန်ပယ်ချလိမ့်မည်ဟုလည်း ဆိုသည်။
အခြေအနေမှန် ဆန်းစစ်ရမယ့်အချိန်ရောက်ပြီ၊ အကောင်းဆုံးကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး၊ ဒါ ရွေးကောက်ပွဲတွေရဲ့ သဘာဝပဲဟုလည်း ဂျွန်ကော်နင်က ပြောသည်။
မည်သို့ဖြစ်စေ ဒီဇင်ဘာ ၁၄ ရက်က ပြည်နယ်ကိုယ်စားလှယ်အားလုံး၏ ဘိုင်ဒန်အနိုင်ရကြောင်း အတည်ပြုမှုက ထရမ့်၏စိတ်ကို ပြောင်းလဲစေမည့် လက္ခဏာမရှိသေးပေ။ ဒီဇင်ဘာ ၁၅ ရက်တွင် ထရမ့်သည် မဲရေစက်များတွင် ပြဿနာများစွာ ရှိသည်ဟုဆိုကာ မဲသမာမှုများရှိခဲ့ကြောင်း စွပ်စွဲမှုများကို တွစ်တာမှတဆင့် ဆက်လက်ထုတ်ပြန်ခဲ့သည်။
ထရမ့်သည် မသင့်မလျော် အကြံပေးသည့် ရှေ့နေ လင်းဝုဒ်၏ တွစ်တာပို့စ်ကိုပင် တုန်ပြန်ခဲ့သေးသည်။ လင်းဝုဒ်သည် ဂျော်ဂျီယာပြည်နယ်တွင် မဲသမာမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ကြောင်း မှားယွင်းစွာပြောဆိုခဲ့သူဖြစ်ပြီး ၎င်း၏စွဲဆိုမှုကို တရားရုံးက ပယ်ချခဲ့သည်။
ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ဘရိန်းကမ့်ပ်နှင့် အတွင်းရေးမှူး ဘရက်ရာဖန်စပါဂါတို့သည် ပြည်နယ်ရွေးကောက်ပွဲရလာဒ်ကို ပြောင်းပြန်လှန်ပြီး ထရမ့်အနိုင်ရအောင် လုံလောက်သည့်အားထုတ်မှု မရှိသည့်အတွက် ထောင်ထဲပို့သင့်ကြောင်း လင်းဝုဒ်က အကြံပေးခဲ့သည်။
သမ္မတထရမ့်သည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ တစ်ကယ်တော့ ၎င်းသည် လူများကိုရာထူးမှ ဖြုတ်ပစ်ရသည်ကို မနှစ်သက်ကြောင်း၊ မကြိုက်သည့်လူများကို ထောင်ထဲပို့ပါရန် တောင်းပန်ကြောင်း၊ သမ္မတသည် ဘရိန်းကမ့်ပ်နှင့် ဘရက်ရာဖန်စပါဂါတို့ကို အခွင့်အရေးကေင်းပေးခဲ့သော်လည်း သူတို့က ငြင်းဆန်ခဲ့ကြောင်း၊ ၎င်းတို့ မကြာမီ ထောင်ထဲသွားရလိမ့်မည်ဖြစ်ကြောင်း လင်းဝုဒ်က ရေးသားခဲ့သည်။
SOURCE : AL JAZEERA
 

Comment here