Today News

ထိုင်းနယ်စပ် ဒုက္ခသည်စခန်း ၅ ခု မြန်မာစစ်တပ် လေကြောင်းတိုက်ခိုက်မှု စိုးရိမ်ဖွယ်ရှိ

ရှမ်းပြည်နယ်နဲ့ထိစပ်နေတဲ့ မြန်မာ- ထိုင်း နယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၅ ခုမှာ နေထိုင်ကြတဲ့ အိုးအိမ်ပြောင်းရွှေ့နေထိုင်ရသူ ၆၀၀၀ လောက်ဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးလုပ်မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတယ်လို့ Myanmar Now သတင်းမှာ ဖေါ်ပြထားပါတယ်။

ထိုင်းနယ်စပ်- ရှမ်းပြည်နယ် ဒုက္ခသည်များဆိုင်ရာ ကော်မတီ (SSRC-TB) က ထုတ်ပြန်တဲ့ ကြေညာချက်အရဆိုရင် အဲဒီဒေသတလျှောက်မှာ မြန်မာဘက်ကထိုးစစ်ဆင်ဖို့ရှိနေတာကြောင့် သတိထားဖို့ မြန်မာစစ်တပ်ရဲ့ တာချီလိတ်မြို့နယ် နယ်စပ်ရေးရာကော်မတီက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ထိုင်းစစ်တပ်ရဲ့ မယ်ဆိုင်နယ်စပ်ရေးရာအဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်က နယ်စပ်တလျှောက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေကြောင်း၊ တိုက်ခိုက်မှုတွေ အတွင်း ထိုင်းမြေပေါ်ကို မြန်မာစစ်တပ် ကျည် မကျရောက် အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း မတ်လ ၃၀ ရက်နေ့က ပေးပို့တဲ့ စာထဲမှာ ဖေါ်ပြထား တယ်လို့ ဆိုပါတယ်။

RCSS/SSA အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်နဲ့ မယ်ဟောင်ဆောင် ပြည်နယ်တွေ အတွင်းမှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။ အဲဒီပြည်နယ်တွေထဲမှာ မြန်မာဒုက္ခသည်စခန်း ၅ ခု ရှိနေတာဖြစ်တဲ့ အတွက် စခန်းတွင်း နေထိုင်သူ ဒုက္ခသည်တွေ အတွက် ထိုင်းနယ်စပ်- ရှမ်းပြည်နယ် ဒုက္ခသည်များဆိုင်ရာ ကော်မတီက စိုးရိမ်ကြောင်းပြောပါတယ်။

ဒီဒုက္ခသည်တွေဟာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၁၉၉၀ နှစ်တွေကတည်းက ဒီစခန်းတွေမှာ ရောက်ရှိခိုလှုံနေကြတာ ဖြစ်ပြီး အဲဒီအချိန်တုန်းက ရှမ်းပြည်နယ်ထဲကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်က ၃၀,၀၀၀ လောက်ရှိပါတယ်။ မကြာသေးခင်ကပဲ မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တွေ Loi Tai Leng ဒုက္ခသည် စခန်းတွေပေါ်မှာ ပျံဝဲနေတာတွေ့ရပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာရင် ပြေးစရာ မြေမရှိတဲ့ အတွက် ဒုက္ခသည်တွေ စိုးရိမ်နေကြတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကော်မတီက ပြောပါတယ်။

Comment here