Today News

ဒေါ်အောင်ဆန်းစုကြည်လည်း အခုချိန်မှာ နားလည်လောက်ပြီ

စစ်တပ်၏ အာဏာသိမ်းလုပ်ရပ်ကို လက်မခံနိုင်ခြင်းကြောင့် မြေပြင်တွင် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း အပါအဝင် ဖြစ်သည်။

KNUလက်အောက်ရှိ တပ်မဟာများအနက် တပ်မဟာ (၅)သည် စစ်တပ်၏ ရှေ့တန်းတပ်စခန်း ၂ခုကို ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်တပ်၏စခန်းများ ရိက္ခာပြတ်တောက်စေရန်လည်း ပိတ်ဆို့မှုများ ပြုလုပ် ခဲ့သည်။

စစ်တပ်က တပ်မဟာ (၅)ကို တုန့်ပြန်သည့် အနေဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ရာ ဒေသခံ ကရင်ကျေးရွာများ ကိုပါ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

KNU သည် စစ်ရေးအရ စစ်တပ်ကို တိုက်ခိုက်မှုများ ပြုလုပ်သည့် အပြင် နိုင်ငံရေးပိုင်းတွင်လည်း အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဆွေးနွေးမှုများ ရှိသည်။

အထက်ပါ အခြေအနေများနှင့်ပတ်သတ်၍ တပ်မဟာ (၅) နယ်မြေအတွင်း စစ်ရေးအခြေအနေ၊ CRPH က ပြောဆိုထားသည့် ဖက်ဒရယ်တပ်မတော်အတွက် ပြင်ဆင်နေမှုများ မည်သို့ရှိသည်ကို KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်တပ်နဲ့တပ်မဟာ (၅) ကြားမှာ စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ။ ဗုံးကြဲတိုက်ခိုက်မှုတွေရော ထပ်ရှိပါသလား။

ဖြေ ။ ။ ဗုံးကြဲတိုက်ခိုက်တာတွေကတော့ မတ် ၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ ရှိပါတယ်။ ဧပြီ ၁ရက်နေ့ နောက်ပိုင်း မှာတော့ မရှိတော့ဘူးလို့ ပြောရပါမယ်။ ဒါပေမယ့် စိတ်မချရသေးပါဘူး။ သူတို့ လေယာဉ်ဝဲတာတွေ ကင်းထောက် လုပ်တာတွေက ရှိနေပါသေးတယ်။

ကျနော်တို့ တွေ့ရတာက စစ်ကောင်စီဘက်က တဖက်သက် အပစ်ရပ်တယ်ဆိုတဲ့ စာတစောင်တော့ ကျနော်တို့ တွေ့တယ်။ အဲ့ဒီ့အပေါ်မှာ ဘယ်အကြောင်းပြချက်မှ မဟုတ်ဘဲ ဒီတိုင်း ဆိုတော့ စိတ်ချရတဲ့ အခြေအနေ မဟုတ်ပါဘူး။ သူတို့ တဖက်သက် အပစ်ရပ်တဲ့ အပေါ်မှာ ငြိမ်သွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ငြိမ်တယ်ဆိုတာလည်း သူတို့ ပြင်ဆင်မှု လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

မေး။ ။ ဖာပွန်ခရိုင်ထဲက ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ပြေးနေရတဲ့ ဒေသခံတွေ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ရွာသူရွာသားတွေကတော့ ကျေးရွာကို ပြန်မနေရဲသေးဘူး။ ပျက်ဆီးဆုံးရှုံးသွားတာတွေလည်း ရှိတော့ ရွာသူရွာသားတွေကတော့ ပုန်းရှောင်နေရဆဲပဲ။ တချို့လည်း နယ်စပ်အထိ ရောက်သွားတယ်။ တော်တော်များများ ကတော့ တောတောင်ထဲက ကျောက်ကြိုကျောက်ကြားထဲမှာပဲ ဗုံးကျင်းလွတ်နိုင်တယ်ဆိုတဲ့ နေရာတွေမှာ ခိုအောင်း နေကြတယ်။ တချို့ကလည်း ထိုင်းဘက်ကမ်းကို ကျော်ဖို့ ကြိုးစားနေကြတယ်။ တချို့ကလည်း ထိုင်းဘက်ခြမ်းကို အနည်းစု ရောက်နေကြတာရှိတယ်။ ထိုင်းဘက်ခြမ်းဆိုပေမယ့်လည်း တောတောင်ထဲ သစ်တောတွေထဲမှာ ပဲရှိနေတာပါ။ ထိုင်းရွာ၊ ထိုင်းမြို့ထဲမှာတော့ မဟုတ်ဘူး။ သူတို့က လောလောဆယ် ကိုယ့်မြို့ကိုယ့်ရွာထဲမှာ ပြန်နေလို့ မရတာတော့ သေချာတယ်။ အဲ့ဒီ့အတွက်လည်း ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ အများကြီး အခက်အခဲရှိပါတယ်။

မေး။ ။ ပထမပိုင်း ကြားရတာ မယ်ဟောင်ဆောင်ဘက်က အုပ်ချုပ်ရေးပိုင်းတွေက ဒုက္ခသည်တွေအတွက် ပြင်ဆင် ပေးထားတယ်လို့ သတင်းတွေ ကြားရတယ်။ လက်တွေ့မှာရော ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ ။ ။ ဒီလိုအခင်းအကျင်းမရှိခင်က ဘယ်နေရာမှာ ပြင်ဆင်ထားတယ်ဆိုတာမျိုး ထုတ်ဖော်ပြောဆိုတာတွေ ရှိတယ်။ တကယ်တမ်း ပြေးလာရှောင်ပြေးလာရတော့ သူတို့ ပြန်မောင်းပို့တာပဲ။ လူထုတွေအတွက် လုံခြုံမှုနဲ့ ထွက်ပြေးတိမ်းရှောင် နိုင်ဖို့က ထိုင်းဘက်ကမ်းမှာ သေချာမှု မရှိဘူးပဲ ပြောရမှာ ဖြစ်ပါတယ်။

မေး။ ။ စစ်တပ်အနေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အခါမှာ KNLA တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်ရင်း ရွာသားတွေ ပြေးရတာလား။ ဒါမှမဟုတ် ကျေးရွာတွေကို ဦးတည်ပစ်ခတ်ခံရတာပါလား။

ဖြေ ။ ။ အခုတွေ့နေရတာ ဒဏ်ရာရတာ သေဆုံးတာတွေက လူထုနဲ့ ရွာသားတွေပါပဲ။ ပျက်ဆီးတဲ့ အဆောက်အဦးတွေ မှန်သမျှ ကျေးရွာအဆောက်အဦးတွေပါ။ ထိခိုက်တာ မှန်သမျှကလည်း ရွာသားတွေပါ။ သူတို့က အားလုံးကို ပစ်မှတ်ထားတယ်လို့ပဲ ပြောရပါမယ်။ အရင်ကတည်းက ဒီအတိုင်းပါပဲ။ ကျနော်တို့ ကရင်စစ်သားတွေမှ မဟုတ်ဘူး။ ရွာသားတွေကိုလည်း သူတို့ မရှောင်ပါဘူး။ မြို့ထဲမှာလည်း ကြည့်ပါလား။ တကယ့်အရပ်သားစစ်စစ်တွေ လက်နက်တောင် မပါဘူး။ လက်နက်ကိုင်တော်လှန်ရေး နယ်မြေ မဟုတ်တာတောင်မှ ရက်ရက်စက်စက် ပစ်သတ်တာ ကျနော်တို့ တွေ့နေရတာပဲ။ ဒီဘက်ခြမ်းမှာတော့ ကျနော်တို့အတွက် ဒီလိုကြုံရတာ မဆန်းတော့ပါဘူး။

မေး။ ။ CRPH က ထုတ်ပြန်တဲ့ ဖက်ဒရယ်ပဋိဉာဉ်နဲ့ ပတ်သတ်ပြီး သဘောထား ဘယ်လိုရှိပါသလဲ။ ဒီပဋိဉာဉ်ကို ဆွေးနွေးစဉ်က တပ်မဟာ (၅) ရဲ့ ခေါင်းဆောင်ပိုင်းတွေရော ပါဝင်ခဲ့ပါသလား။

ဖြေ ။ ။ တပ်မဟာ (၅) ဆိုတာထက် KNU တခုလုံးအပေါ်မှာ ဆွေးနွေးညှိနှိုင်းမှုရှိတယ်လို့ ကျနော် အတိအကျ ပြောလို့ ရပါတယ်။ သူတို့ရဲ့ ပဋိဉာဉ်စာတမ်းကို စတင်ရေးဆွဲကတည်းက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တွေကနေပြီးတော့မှ ကိုယ်စားလှယ်သဘောအနေနဲ့ အဖွဲ့အစည်းအနေနဲ့ ရွေးချယ်တော့ KNU ဗဟိုကော်မတီ ခေါင်းဆောင်တွေလည်း ပါပါတယ်။ KNU ဗဟိုကော်မတီ ခေါင်းဆောင်တွေ ပါဝင်တဲ့အပေါ်မှာ တပ်မဟာ (၅) အနေနဲ့ ကလည်း ဒီအပေါ်မှာ ပါဝင်တယ်ဆိုတာ သက်ရောက်ပြီး ဖြစ်ပါတယ်။

မေး။ ။ CRPH အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်တပ်မတော် တရပ်ထူထောင်ဖို့ဆိုပြီး ပြောထားတာကရော ဘယ်လို အလားအလာ ရှိနေပါသလဲ။

ဖြေ ။ ။ ပဋိဉာဉ်စာချုပ်အရဆိုရင်တော့ ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သတ်ပြီး ရှင်းလင်းတိကျတဲ့ အခြေခံမူဝါဒ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ မတွေ့ရဘူး။ ဒီကာကွယ်ရေးတပ်ဖွဲ့ကို သူတို့ ဖွဲ့စည်းမယ်ဆိုတဲ့ အခြေခံမူ သဘောကတော့ ကျနော်တို့ တွေ့နေရတယ်။ တိုင်းရင်းသားတွေ ပါလာရေး၊ မပါလာရေးနဲ့ ပတ်သတ်လို့တော့ CRPH အနေနဲ့ ဖိတ်ခေါ် သည် ဖြစ်စေ ၊ မဖိတ်ခေါ်သည် ဖြစ်စေ တိုင်းရင်းသားတွေက ကိုယ့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် လက်ရှိမှာလည်း တော်လှန်ရေး တိုက်ပွဲ ဝင်နေတာပဲဆိုတော့ ကိုယ့်နယ်မြေ ကိုယ့်ဒေသအတွက် ခုခံကာကွယ်ရေး ကတော့ ကျနော်တို့ လုပ်နေရမှာပါပဲ။
တခုရှိတာက CRPH အနေနဲ့ ဖက်ဒရယ်ပဋိဉာဉ်စာတမ်းနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းလိုက်တယ်။ ဒီအပေါ်မှာ ကျနော်တို့ အများကြီးဝမ်းသာ ကြိုဆိုတယ်။ ရှေ့လာမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက်က ဖက်ဒရယ်ပဋိဉာဉ်စာချုပ်ကို ကြည့်ခြင်းအားဖြင့် အတိုင်းအတာ တခုထိတော့ အားရကျေနပ်မှုရှိပါတယ်။ သို့သော် လက်တွေ့ အကောင်အထည် ဖော်တဲ့ နေရာမှာ အကန့်အသတ် အတားအဆီးတွေ ဘယ်လိုဖယ်ရှားဆောင်ရွက် မလဲဆိုတဲ့ စိန်ခေါ်မှုကိုတော့ ကြိုးစားကျော်လွှားဖို့ လိုပါတယ်။

မေး။ ။ ဖက်ဒရယ်တပ်မတော်တရပ်ဖြစ်လာဖို့ အဆင့်တွေ အများကြီးလိုသေးတယ်လို့ ဆိုလိုတာပါလား။

ဖြေ ။ ။ ဖက်ဒရယ်တပ်မတော် ဖြစ်လာဖို့အတွက် အခြေခံ Institution ကနေ စစဉ်းစားလည်း ရတယ်။ သို့တည်းမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေကနေ စစဉ်းစားလည်းရပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကနေ အခြေခံစဉ်းစား မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီးလည်း ဖြစ်တယ်။ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေက သေချာ မပေါ်ပေါက်လာသေးတဲ့ အပေါ်မှာ ပဋိဉာဉ်နဲ့ပဲ သွားရတော့ ပဋိဉာဉ်စာချုပ်က လုံခြုံရေးဆိုင်ရာ အခြေခံမူလောက်ပဲ ရသေးတဲ့အတွက် ဖက်ဒရယ်တပ်မတော် ဖြစ်လာဖို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရက စဉ်းစားလို့ မရသေးဘူး။ နည်းနည်း အလှမ်းဝေးနေတယ်။

သို့သော်လည်း ပြောင်းပြန် ပြန်စဉ်းစားရင် Institution အရ စဉ်းစားရင် လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေမှာ နောက်ခံနိုင်ငံရေး၊ တိကျရှင်းလင်းတဲ့ နိုင်ငံရေးရည်မှန်းချက်တွေရှိတဲ့ အဖွဲ့အစည်းတွေ ၊ အုပ်ချုပ်မှု နယ်မြေရှိတဲ့ အဖွဲ့အစည်းတွေပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက လက်ရှိ ရှိပြီးသား တပ်တွေကိုပဲ အခြေပြုပြီးတော့ တပ်ပေါင်းစုအနေနဲ့ စုဖွဲ့ပြီး ဖက်ဒရယ်တပ်မတော်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ရင်တော့ လက်တွေ့လည်း ကျမယ်၊ မြန်လည်း မြန်ဆန်ပါလိမ့်မယ်။

ဘာပဲပြောပြော ကျနော်တို့ကတော့ ကျနော်တို့ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက်က မလွဲမသွေ စစ်ကောင်စီရဲ့ မတရားလုပ်တာ အကြမ်းဖက် မှုတွေကိုတော့ တွန်းလှန်ကာကွယ်ရမှာပါ။ ဖက်ဒရယ်တပ်မတော်အတွက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်တခုကို ရေးဆွဲပြီး စတင်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် ရှိပြီးသား အဖွဲ့အစည်းတွေအပေါ်မှာ အခြေခံပြီး ထူထောင်ရင်လည်း ဖြစ်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ရင် CRPH နဲ့ တိုင်းရင်းသား တွေကြား သဘောတူထားတာတွေက ဘယ်လောက် အာမခံချက် ရှိမလဲ၊ ပျက်ပြယ်သွားမလား ဆိုပြီး တိုင်းရင်းသားတွေ ဘက်က စိုးရိမ်မှုရှိတာတွေလည်း ကြားနေရပါတယ်။ ဟုတ်ပါသလား။

ဖြေ ။ ။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့တိုင်းရင်းသားတွေအပေါ်မှာ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအ ပေါ်မှာရော ကျနော်တို့ကို ခြောက်လှန့်နေတဲ့ အတိတ်တစ္ဆေဆိုးကြီးပဲ ဖြစ်ပါတယ်။ တော်တော်များများက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဦးဆောင်မှုကို မျှော်လင့်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက်ကို ဆောင်ရွက်မယ်ဆိုပြီး ၅ နှစ်တာ ကာလပတ်လုံးမှာလည်း ထိရောက်အောင် ဘာမှ မဆောင်ရွက် နိုင်ခဲ့ဘူး။ အဲ့တာ အပြင် စစ်တပ်နဲ့ အဆင်ပြေရေးကိုပဲ ဦးတည်ဆောင်ရွက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း လုံးဝ လျစ်လျူရှုသွားတာတင်မကပဲ နှိမ်နင်းဖို့ အဆင့်ထိပါ မူဝါဒတွေ ချမှတ်ခဲ့တယ်။ ဒါက ကျနော်တို့အတွက် အတိတ်တစ္ဆေဆိုးတွေ ဖြစ်ပါတယ်။ အဲ့ဒီ့အတိတ်တစ္ဆေဆိုးတွေ အတိတ်ရဲ့အိပ်မက်ဆိုးတွေကြောင့်ပဲ အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်ထွက်လာရင်ဆိုတဲ့ စဉ်းစားချက်တွေ ရှိကြတာပါ။

သို့သော် ကျနော်တို့ နိုင်ငံရေးအရပဲ ဖြစ်ဖြစ် ဥပဒေကြောင်းအရပဲ ဖြစ်ဖြစ် လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာတော့ ဖက်ဒရယ် ပဋိဉာဉ်ကို CRPH ကနေ တိတိကျကျ ခိုင်ခိုင်မာမာ အာမခံချက်နဲ့ သံဓိဌာန်ချပြီး လုပ်မယ်ဆိုရင်တော့ ကျနော်တို့ အတွက် စိုးရိမ်စရာတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တပ်ကို ပြောင်းလဲနိုင်တယ်၊ တပ်ကို ချဉ်းကပ်ပြီးမှ အကောင်းဘက်ကို ပြောင်းလဲနိုင်တယ်ဆိုတာမျိုး သူလုပ်ခဲ့တာက မအောင်မြင်ခဲ့ပါဘူး။ သူ့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာကလည်း မအောင်မြင်ခဲ့ဘူးဆိုတာကို အခုချိန်မှာ ကောင်းကောင်းနားလည် နေလောက်ပြီ ထင်ပါတယ်။ ကျနော်တို့ အနေနဲ့ စိုးရိမ်စရာ ရှိပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်လည်း အခုချိန်မှာ နားလည်လောက်ပြီလို့ပဲ ကျနော်တို့က မှတ်ယူပါတယ်။

Comment here