Today News

မနက်ဖြန် မတ်လ ၂၂ ရက်၊ တနင်္လာနေ့ အလုပ်ပြန်ဆင်းကြဖို့ စစ်ကောင်စီ ဖိအားပေးနေချိန် CRPH ကလည်း တန်ပြန် ကြေညာချက်တွေ ထုတ်ပြန်

မနက်ဖြန် မတ်လ ၂၂ ရက်၊ တနင်္လာနေ့ အလုပ်ပြန်ဆင်းကြဖို့ စစ်ကောင်စီ ဖိအားပေးနေချိန် CRPH ကလည်း တန်ပြန် ကြေညာချက်တွေ ထုတ်ပြန်

၀န်ထမ်းတွေ အလုပ်ခွင်မဆင်းပဲ အကြမ်းမဖက် အာဏာဖီဆန်ကြတဲ့ CDM လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ကြေညာချက် ၃ စောင် ဒီနေ့ မတ်လ ၂၁ ရက်နေ့ ရက်စွဲနေ့ ထုတ်ပြန်ပါတယ်။
တစ်စောင်ကတော့ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး CDM တံခါးကို ခြွင်းချက်မရှိ ပိတ်သိမ်းမယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ၀န်ကြီး အဖြစ် ယာယီတာ၀န်ယူထားတဲ့ ဦးလွင်ကိုလတ်ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ စာဖြစ်ပါတယ်။
ပြည်သူတွေနဲ့အတူ သစ္စာရှိရှိရပ်တည် တိုက်ပွဲ၀င်တဲ့ CDM ၀န်ထမ်းတွေကို ဦးဆောင်မှုကဏ္ဍတွေမှာ ဂုဏ်ပြုတာ၀န်တွေ ပေးအပ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်မှု ယန္တရားသစ်ကို တည်ဆောက်သွားမယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။
နောက် ကြေညာချက် နှစ်စောင်ကတော့ ဒေါက်တာဇော်ဝေစိုးက ပညာရေး၀န်ကြီး အနေနဲ့ တစ်စောင်၊ အလုပ်သမား၀န်ကြီး အနေနဲ့ တစ်စောင် ထုတ်ပြန်တာ ဖြစ်ပါတယ်။
ပညာရေး၀န်ကြီးဌာနအောက်က ၀န်ထမ်းတွေ မနက်ဖြန် ၂၂ ရက် မှာ လုပ်ငန်းခွင် ပြန်၀င်ဖို့ စစ်ကောင်စီက အမိန့်ထုတ်တာ တရားမ၀င်ဘူး၊ ထုတ်တဲ့သူတွေရော၊ အကောင်အထည် ဖော်တဲ့သူတွေရော နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းကြံစည် သူတွေ အဖြစ် တရားဥပဒေကြောင်း အရ အပြစ်ပေး အရေးယူ သွားမယ် ဆိုပြီး ခေတ္တ ပညာရေး ၀န်ကြီး အနေနဲ့ ထုတ်ပြန်တဲ့ စာထဲ ရေးထားပါတယ်။
တခါ၊ ဒေါက်တာဇော်ဝေစိုးက အလုပ်သမား၀န်ကြီး အနေနဲ့ ထုတ်ပြန်တဲ့ စာထဲမှာ ဖော်ပြထားတာကတော့ ၊ စစ်ကောင်စီရဲ့ အမိန့်ကို နာခံပြီး CDM ၀န်ထမ်းတွေကို အလုပ်က ရပ်ဆိုင်းတာတွေ၊ ၀န်ထမ်းအိမ်ရာတွေပေါ်က နှင်ချတာတွေဟာ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်နေတာ ဖြစ်တယ်၊ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးဥပဒေတွေ အတိုင်း တရားစွဲဆို အပြစ်ပေးသွားမယ် ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။
စစ်ကောင်စီ နောက်လိုက်တွေရဲ့ လက်ချက်ကြောင့် ၀န်ထမ်းတွေ အနေနဲ့ အလုပ်နေရာ အပါအ၀င် ဆုံးရှုံး နစ်နာမှုတွေ အတွက် မူလအတိုင်း ပြန်လည် ရရှိစေဖို့ အပြည့်အ၀ အာမခံတယ်လို့ အဲဒီကြေညာချက်ထဲ ပါ၀င်ပါတယ်။

Comment here