Today News

တပ်မတော်ကို အင်အားချည့်နဲ့စေတဲ့ တရားခံက ဘယ်သူလဲ

ဗိုလ်ချုပ်ကြီးတွေ အကျင့်ပျက်ချစားမှု၊ အရပ်သားတွေကို နေ့စဉ် ပစ်သတ်၊ လုယက်နေမှုတွေကြောင့် စစ်တပ်တစ်ခုရဲ့ အင်္ဂါလက္ခဏာတွေ ပျောက်ကွယ်လာပါတယ်
အခုရက်ပိုင်းမှာ မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၃၈ ရှိကြောင်း၊ အာဆီယံဒေသတွင်းမှာလည်း လေးစားခံ့ညားလောက်တဲ့ အင်အားရှိကြောင်း ပြောဆိုလာကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေအကြားရော ဒေသတွင်းမှာပါ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်တဲ့ မြန်မာနိုင်ငံရဲ့ တပ်မတော်ဟာ အမှန်တကယ်ပဲ အင်အားကြီးမားသလားဆိုတာ လေ့လာဆန်းစစ်ကြည့်ဖို့လိုပါတယ်။
Global Firepower ဆိုတာ
ပထမဦးစွာ အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ရဲ့ သဘောသဘာဝကို နားလည်ဖို့လိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာ့တပ်မတော်ဟာ ကမ္ဘာ့အဆင့် ၃၈ ရှိတယ်လို့ ဖော်ပြခဲ့တာကတော့ Global Firepower (GFP) လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ ဖြစ်ပါတယ်။ GFP ဟာ ၂၀၀၆ ခုနှစ်ကစတင်ပြီး နိုင်ငံပေါင်း ၁၄၀ ကို အသေးစိတ်လေ့လာကာ ၎င်းတို့ရဲ့ စစ်အင်အားကို အဆင့်သတ်မှတ်ချက်တွေ ထုတ်ပေးပါတယ်။ နိုင်ငံတွေရဲ့ သမားရိုးကျစစ်ပွဲကြီးတွေ ဆင်နွဲနိုင်မယ့် အင်အားကို မြေပြင်၊ ရေပြင်နဲ့ ဝေဟင် တိုက်ခိုက်နိုင်စွမ်းအားတွေနဲ့ တိုင်းတာပါတယ်။ စစ်အင်အားတွက်ချက်ရာမှာ လူအင်အား၊ စစ်လက်နက်ပစ္စည်း၊ သဘာဝသယံဇာတ၊ ဓနအင်အား၊ ပထဝီဝင်အနေအထားစသည်ဖြင့် အချက်ပေါင်း ၅၀ ကျော်ကို အခြေခံပြီး အဆင့်သတ်မှတ်တယ်လို့ ဆိုပါတယ်။
Global Firepower စာမျက်နှာကို မည်သည့်နိုင်ငံအခြေစိုက်၊ မည်သည့်အဖွဲ့အစည်းက တည်ထောင်ထားတယ်ဆိုတာ လုံးဝမသိရှိရပါ။ ၎င်းစာမျက်နှာပါ အချက်အလက်များရဲ့ ရင်းမြစ်ကိုတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ တရားဝင်ထုတ်ပြန်ချက်များ၊ CIA World Factbook၊ ဝီကီပီးဒီးယား၊ တရားဝင်ထုတ်ပြန်ထားသော မှတ်တမ်းများ၊ သတင်းမီဒီယာများနှင့် တစ်ဦးချင်းပေးပို့ချက်များကို အခြေခံတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ သို့သော် တရားဝင်သတင်းဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများကလည်း GFP ပါ အချက်အလက်များကို ကိုးကားကြတာတွေကိုလည်း တွေ့ရှိရပါတယ်။
မြန်မာ့တပ်မတော်ရဲ့ အဆင့်ဟာ ၃၈ ဖြစ်တဲ့အတွက် အလွန်မြင့်မားနေတယ်လို့ ထင်မြင်ချင်စရာ ရှိပါတယ်။ သို့သော် အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား (အဆင့် ၁၆)၊ မြန်မာနိုင်ငံရဲ့ တဝက်သာ အကျယ်အဝန်းရှိတဲ့ ဗီယက်နမ် (အဆင့် ၂၄)၊ အိမ်နီးချင်း ထိုင်း (အဆင့် ၂၆) တို့နဲ့ ယှဉ်ရင် များစွာ ကွာဟနေပါသေးတယ်။ ထို့အပြင် ရန်ကုန်မြို့နဲ့ လူဦးရေ၊ အကျယ်အဝန်း သိပ်မကွာတဲ့ စင်ကာပူနိုင်ငံဟာလည်း အဆင့် ၄၀ ရှိကာ မြန်မာနောက်မှာ ၂ ဆင့်သာကွာပါတယ်။
အခြား အိမ်နီးချင်းတွေနှင့် နှိုင်းယှဉ်ကြည့်ပါက တရုတ်နိုင်ငံ (အဆင့် ၃)၊ အိန္ဒိယ နိုင်ငံ (အဆင့် ၄)၊ မြန်မာပြည်ရဲ့ ၃ ပုံ ၁ ပုံ အကျယ်အဝန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (အဆင့် ၄၅)၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့ လူဦးရေသာရှိတဲ့ လာအိုနိုင်ငံ (အဆင့် ၁၁၈) စသည်ဖြင့် တွေ့ရပါတယ်။ ဆိုလိုတာက မြန်မာအနေနဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မြင့်နေတယ် ထင်ရပေမယ့် ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင် နိုင်ငံအရွယ်အစား၊ လူဦးရေအချိုးအစားနဲ့ မလိုက်ဖက်လောက်အောင် အင်အားသေးငယ်နေတာကို တွေ့ရပါတယ်။
အဆင့်သတ်မှတ်ချက် တွက်ချက်ပုံ
အဆင့်များကို တွက်ချက်တဲ့အခါ အထက်မှာ ဖော်ပြခဲ့သည့်အတိုင်း အချက် ၅၀ ကျော် ထည့်သွင်းစဉ်းစားပြီး တွက်ချက်ပါတယ်။ အချက်တိုင်းမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို စုပေါင်းပြီး ပြန်လည်အချိုးချတဲ့ နည်းစနစ်ကို အသုံးပြုပါတယ်။ ဥပမာ … စစ်သည်အင်အားကို တွက်ချက်ရာမှာ နိုင်ငံရဲ့လူဦးရေ ၅၆ သန်းရှိတဲ့ မြန်မာပြည်အတွက် ကမ္ဘာ့အဆင့် ၂၅ သတ်မှတ်ပါတယ်။ စစ်သည်အင်အား ၄ သိန်းကျော်ရှိတဲ့အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၂ ရရှိပါတယ်။ စစ်မှုထမ်းနိုင်တဲ့ လူဦးရေ တနည်းအားဖြင့် လူငယ်လူရွယ်ပေါများမှုကြောင့် ကမ္ဘာ့အဆင့် ၂၄ သတ်မှတ်ပြန်ပါတယ်။ ဆိုလိုတာက စစ်သည်အင်အားကို တွက်ချက်ရာမှာ စစ်သားတွေရဲ့ တိုက်ရည်ခိုက်ရည်ကို တွက်ချက်တာမျိုးမဟုတ်ဘဲ အရေအတွက်ကိုသာ ထည့်သွင်းတွက်ချက်ပါတယ်။ စစ်မှုထမ်းနိုင်တဲ့ လူဦးရေအရေအတွက်ကို အမှတ်ပေးထားပေမယ့် စစ်မှုထမ်းလိုမှု ရှိမရှိ၊ အမှန်တကယ်စစ်မှုထမ်းနိုင်တဲ့ အရည်အသွေးရှိမရှိ စတာတွေကို ထည့်သွင်းမစဉ်းစားပါ။
ဒါ့အပြင် အချို့သော အချက်တွေက အဆင့်သတ်မှတ်ချက်တွေကို လွန်စွာ ဖောင်းပွစေပါတယ်။ ဥပမာ ရေငုပ်သင်္ဘော လုံးဝမရှိတာဟာ အဆင့် ၁၄၀ ထိ ရောက်နိုင်ပြီး ရေငုပ်သင်္ဘောတစ်စင်း ပိုင်ဆိုင်လိုက်တာနဲ့တင် ကမ္ဘာ့အဆင့် ၁၉ ကို မြင့်တက်သွားတာ တွေ့ရပါတယ်။
အထက်မှာ ဖော်ပြခဲ့သလို ရေငုပ်သင်္ဘောရဲ့ တိုက်ခိုက်နိုင်စွမ်းရည်၊ တန်ချိန် စသည်တို့ကို ထည့်သွင်းထားခြင်းလည်း လုံးဝမရှိတာကို တွေ့ရပါတယ်။ အလားတူပဲ တိုက်စစ်လေယာဉ်၊ သံချပ်ကာကားစသည်တို့ကို အရေအတွက်အရသာ အဆင့်သတ်မှတ်ထားပြီး လက်တွေ့စစ်မြေပြင်မှာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရည်ကို ထည့်မတွက်ပါ။ ဆိုလိုရင်းမှာ မြန်မာနိုင်ငံဟာ အကျယ်အဝန်း၊ သယံဇာတအရင်းမြစ်၊ လူဦးရေအားဖြင့် အသင့်အတင့်ကြွယ်ဝတာကြောင့်၊ အရေအတွက်အားဖြင့် သင့်တင့်တဲ့ စစ်လက်နက်ပစ္စည်းများပိုင်ဆိုင်ခြင်းကြောင့်သာ အဆင့်သတ်မှတ်ချက် မြင့်မားနေခြင်းဖြစ်ပါတယ်။
ဘယ်အရာတွေက စစ်အင်အားကို အားနည်းစေတာလဲ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ်ကို နားလည်ဖို့လိုပါတယ်။ တခြားနိုင်ငံတွေနဲ့မတူ တမူထူးခြားတာဟာ မြန်မာ့တပ်မတော်ဟာ အစိုးရရဲ့ ဘတ်ဂျက်ထဲကရော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကရတဲ့ ဝင်ငွေကပါ စစ်အသုံးစရိတ်ကို သုံးစွဲပါတယ်။ တရားဝင်အစိုးရရဲ့ ဘတ်ဂျတ်အနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်မှာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ဘီလျံ ဝန်းကျင်ခန့် ရှိပါတယ်။
ဒါ့အပြင် မြန်မာ့စီးပွားရေးဦးပိုင်လိုလုပ်ငန်းကနေ ဝင်ငွေက ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၈ သန်း အသားတင်အမြတ်ရရှိခဲ့ပါတယ်။ စီးပွားရေးဦးပိုင်ဟာ အများသိကြတဲ့အတိုင်း Directorate of Defense Procurement က ၄၀% ပိုင်ဆိုင်ပြီး လက်ရှိ တာဝန်ထမ်းဆောင်ဆဲနဲ့ စစ်မှုထမ်းဟောင်းတွေက ၆၀% ပိုင်ဆိုင်ပါတယ်။ ဦးပိုင်ရဲ့ နှစ်စဉ် ဒေါ်လာသန်းချီတဲ့ အမြတ်တွေဟာ တပ်မတော်အတွက် ၁၀၀ ကျပ်မှာ ၄၀ ကျပ်သာ ရောက်ရှိတာဖြစ်ပြီး ကျန်တဲ့ ၆၀ ကျပ်ကိုတော့ စစ်မှုထမ်းတွေ ခွဲဝေယူကြတာဖြစ်ပါတယ်။ ဦးပိုင်က ရရှိတဲ့အမြတ်ကို ထည့်မတွက်ဘဲ အစိုးရဆီကရရှိနေတဲ့ ဘတ်ဂျက်ကို စစ်သည်ဦးရေနဲ့ အချိုးချတွက်ချက်မယ်ဆိုရင် စစ်သည်တစ်ဦးအတွက် တပ်မတော်က တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၅၀၀ (မြန်မာငွေကျပ် သိန်း ၁၁၆ သိန်း) အသုံးပြုနေတာ တွေ့ရပါမယ်။
ဦးပိုင်ရဲ့အမြတ်တွေတင်မကဘဲ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ရရှိတဲ့ အကျိုးအမြတ်တွေ၊ လုပ်ငန်းတွေရော တွက်ချက်ကြည့်မယ်ဆိုရင်၊ စစ်သားတွေအတွက် တပ်မတော်က အမှန်တကယ်သာ ကျခံပေးမယ်ဆိုရင် တပ်မတော်သားတွေဟာ သာမန်ပြည်သူတွေထက် အဆများစွာ ချမ်းသာ ပြည့်စုံနေနိုင်ပါတယ်။
သို့သော် လက်တွေ့မှာတော့ တပ်မတော် တပ်ရင်းတွေအတွင်း ကိုယ့်ရိက္ခာအတွက် ကိုယ်တိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်စားသောက်ရ၊ မပြည့်စုံတဲ့ လက်နက်ခဲယမ်းတွေကို သိရှိခံစားမိတဲ့ တပ်မတော်သားတွေအနေနဲ့ မိမိတို့ အတွက် အသုံးပြထားတဲ့ အသုံးစရိတ် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ဘယ်ဆီဘယ်ဝယ်ကို ရောက်ရှိသွားလဲ စဉ်းစားမိနိုင်ပါတယ်။
စစ်လက်နက်ဝယ်ယူရေး
နောက်တစ်ခုကတော့ မြန်မာစစ်တပ်ဟာ ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ချစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စတာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အကျိုးဆက်အနေနဲ့ စစ်လက်နက်ဝယ်ယူရာမှာ အဆင့်ဆင့်ဝယ်ယူရ၊ စစ်ခေါင်းဆောင်မိသားစုတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေရဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် မတန်တဆစျေးနှုန်းတွေ ပေးပြီး ဝယ်ယူရပါတယ်။ ဥပမာအားဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ စစ်အသုံး စရိတ်ဟာ မြန်မာထက် သိသိသာသာ များပြားခြင်းမရှိပေမယ့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာတော့ မြန်မာထက် ၁၂ ဆင့် မြင့်မားနေတာ၊ ထိုင်းစစ်သားတွေရဲ့ စားနပ်ရိက္ခာနဲ့ ဘဝအာမခံချက်က မြန်မာစစ်သားတွေထက် မြင့်မားတာ တွေ့ရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဟာ အမေရိကန်၊ ရုရှား၊ တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်ကနေ စစ်လက်နက်ပစ္စည်းများ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ချိန်မှာ မြန်မာနိုင်ငံစစ်တပ်ကတော့ နိုင်ငံ ၆ နိုင်ငံခန့်က လက်နက်တွေကို မတန်တဆ စျေးပေးပြီး ဝယ်နေရတဲ့အတွက် တပ်မတော်ဟာ အသုံးစရိတ်မြင့်မားသလောက် အင်အားချည့်နဲ့လာပါတယ်။
အချုပ်ဆိုရရင် မြန်မာ့တပ်မတော်ဟာ ဒေသတွင်း လူဦးရေ၊ အကျယ်အဝန်းအရ အဆင့်တန်းတူ နိုင်ငံတွေကြားမှာ အင်မတန်မှ အင်အားချည့်နဲ့နေပြီဖြစ်ပါတယ်။ အသုံးစရိတ်အနေနဲ့ အများနည်းတူ ရင်ဘောင်တန်းသုံးစွဲနေပေမယ့်လည်း စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ချစားမှုများ၊ တပ်မတော်အပေါ် စေတနာနည်းပါးမှုများကြောင့် ပြင်ပရန်သူကို မတိုက်ခိုက်နိုင်ခင်မှာဘဲ အင်အားချည့်နဲ့လာရပါတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့ တိုက်ခိုက်မှုစွမ်းရည်တွေ ကျလာရခြင်း၊ တပ်မတော်သားတွေရဲ့ ဘဝအာမခံချက်နည်းပါးလာခြင်း၊ အသက်သွေးချွေးတွေ စတေးရလောက်အောင် အားနည်းလာခြင်း အစရှိတာတွေကို မပြင်ဆင်နိုင်ပါက အင်အားကောင်းတဲ့ Standard Army တစ်ခု ဖြစ်လာဖို့ လွန်စွာ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
ယခုလိုအခြေအနေမှာ တရားဝင်ပြည်သူလူထုက တင်မြှောက်ထားတဲ့အစိုးရကို လက်နက်အားကိုးနဲ့ အဓမ္မအာဏာသိမ်းပြီး၊ ဒါကိုဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေကို နေ့စဉ် ရက်ရက်စက်သတ်ဖြတ်၊ ပစ္စည်းတွေလုယက်နေတဲ့ စစ်တပ်ဟာ စစ်တပ်တစ်ခုရဲ့ အင်္ဂါလက္ခဏာတွေ မရှိတော့ပါဘူး၊ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ခါးပိုက်ဆောင်ကြေးစားတပ်နဲ့ ပိုပြီးဆင်တူလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Comment here