Today News

စစ်ကောင်စီတပ်များ၏ ပြစ်မှုကျူးလွန်ခဲ့သည့်စာရင်း စစ်ကိုင်း PDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၉  ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကနီမြို့နယ် ချောင်းမအနောက်ရွာမှာ မေ ၅ ရက်က သရက်သီးခူးနေတဲ့ ၁၆ နှစ်အရွယ် ကလေးတစ်ဦး သေနတ်ထိမှန်တဲ့ဖြစ်စဉ်၊ မြို့နယ်အတွင်းမှာပဲ မေ ၆ ရက်က အဖွားအိုနဲ့ အမျိုးသမီး ငယ်တစ်ဦး ရိုက်နှက်နှိပ်စက်ခံရတဲ့ဖြစ်စဉ်နဲ့ မေ ၇ နဲ့ ၈ ရက်က သမင်ခြံရွာမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့အပြင် ၇ နှစ်အရွယ် ကလေးတစ်ဦး သေနတ်မှန်တဲ့ဖြစ်စဉ်တွေကို မှတ်တမ်းပြုစုထားပြီး ထိရောက်စွာအရေးယူနိုင်ဖို့  အမျိုးသားညီညွတ်ရေးအစိုးရဆီ တင်ပြမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ ခွင့်လွှတ်မှုနဲ့မထိုက်တန်တဲ့ ပြစ်မှုတွေကို ကနီနဲ့ ယင်းမာပင်မြို့နယ်ထဲမှာ တရစပ်ကျူးလွန်နေတာကြောင့် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ မြေပြင်ရှေ့တန်းရောက် ရဲဘော်တွေနဲ့အတူ ဆက်လက်ခုခံ ကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

Comment here