Today News

ကနီမြို့နယ် ဇီးပင်တွင်းရွာကို စစ်တပ်က အင်အားသုံးဝင်ရောက်ပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီး

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဇီးပင်တွင်းရွာကို စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့က မေ ၁၂ ရက် မနက်အစောပိုင်းမှာ  အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

ဒေသခံ တစ်ဦးက  “သူတို့က မနက် ၄ နာရီခွဲ ၅ နာရီလောက်ထင်တယ်။ ရွာကို အရင်ဝိုင်းထားတယ်။ ပြီးတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ ဘယ်ပစ်တယ်တော့ မသိဘူး။ မြေကြီးပါ တုန်သွားတယ်။ အဲတာပြီးတော့ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတဲ့သူတွေ ရောက်လာတယ်။ အိမ်တွေထဲဝင်ရှာပြီး ရိုက်နှက်စစ်ဆေးတယ်။ အခုလက်ရှိအချိန်ရွာသား ၃၀ ကျော်ဖမ်းထားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကလည်း ဇီးပင်တွင်းရွာကို အကြမ်းဖက်တပ်တွေက ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို ဖျက်ဆီးဝင်ရောက်ကာ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေ၊ အဝတ်အထည်တွေကို လုယူသွားတယ်လို့ သိရပါတယ်။

လက်ရှိအဖမ်းခံရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အများစုပါဝင်နေပြီး အမျိုးသားအများစုကတော့ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ အကြေား ပစ်ခတ်မှုတွေဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က  လက်နက်ကြီးတွေပါ အသုံးပြု အင်အားသုံးဖိနှိပ်မှုနေပါတယ်။

ပစ်ခတ်မှုတွေအတွင်း ကနီဒေသမှ ပြည်သူ ၃၀ ဝန်းကျင် ကျဆုံးခဲ့ပြီး ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံနေရတယ်လို့ တိုက်ပွဲဦးဆောင်သူတစ်ဦးက ပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရင်ဆိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီအကြမ်းဖက်တပ်ဘက် ကလည်း လူဦးရေ ဆယ်နဲ့ချီကာ သေဆုံးနေပါတယ်။  ဒီအတွက် စစ်ကောင်စီအကြမ်းဖက်တပ်တွေက အငြိုးထားကာ စိတ်ဝေဒနာရှင်တွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။

ကနီမြို့နယ် သမင်ခြံရွာမှာ   မေလ ၁၁ ရက် ညက အကြမ်းဖက် စစ်တပ်က  သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် စိတ်ဝေဒနာရှင် ရွာသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကနီ၊ တမူး၊ တန့်ဆည်မြို့တွေမှာလည်း စစ်ကောင်စီအကြမ်းဖက် တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Comment here